WIDownload – Pdf

မြန်မာနိုင်ငံ၏ ကြွယ်၀သော သစ်တော သယံဇာတများသည် အမျိုးသား စီးပွါး ရေးကို အထောက်အကူ ပြုသည့် အဓိက ကဏ္ဍတစ်ခု ဖြစ်ပါသည်။ သို့သော်လည်း  သစ်တောကဏ္ဍမှ နိုင်ငံခြားငွေ ရှာဖွေ ရာတွင် သစ်လုံးများကို တင်ပို့မှုက အဓိကဖြစ်နေသည့် အတွက် ၁၉၉၉ ခုနှစ် တွင် သစ်တော ရေးရာ ဝန်ကြီးဌာနသည် နိုင်ငံခြားသို့  သစ်အလုံးလိုက်  ရောင်းချခြင်းကို တစ်ဖြည်းဖြည်း လျှော့ချပြီး သစ်အခြေခံ စက်မှုကဏ္ဍကို မြှင့်တင်လျက် သစ်အချောထည်များကို တစ်ဖြည်းဖြည်းတိုးမြှင့်တင်ပို့သွားရန် နည်းဗျူဟာ လမ်းညွှန်ချက်များ ချမှတ်ခဲ့ ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း မြန်မာ့သစ်လုပ်ငန်းမှ တန်ဖိုးမြှင့် သစ်အချောထည်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်မှုက နှစ်စဉ်ဖျမ်းမျှ အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ခန့် (၂၀၁၁-၁၂ မှ ၂၀၁၅-၁၆ ကာလအတွင်း စုစုပေါင်းနိုင်ငံခြားဝင်ငွေ၏ ၂.၃% မှ ၇.၂%) သာရရှိပြီး သစ်အလုံးလိုက်တင်ပို့ ရောင်းချခြင်းမှ ရရှိသည့်ဝင်ငွေသည် စုစုပေါင်းနိုင်ငံခြားဝင်ငွေ၏ ၈၅% မှ  ၉၆% ထိ ရှိခဲ့ပါသည်။ ပုဂ္ဂလိက ကဏ္ဍမှသစ်ကုန်ချောများပြုလုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသည်ဆိုရာတွင်လည်း ထုတ်ကုန်ကြမ်း၊ တစ်ဝက် ကုန်ချောနှင့် ကုန်ချောဟူ၍ အတန်းအစား သုံးမျိုးအနက် ထုတ်ကုန်ကြမ်းတွင် သုံးစွဲသည့် သစ်ပမာဏရောဝင်ငွေပါ စုစုပေါင်း၏ ၉၉% ကျော်ပြီး အဆင့်မြင့်ကုန်ချော ထုတ်လုပ်မှုမှ ရရှိသည့်ဝင်ငွေသည် ဝင်ငွေအားလုံး၏ (၀.၃၃%)ခန့် သာရှိသည့်အတွက် အဆင့်မြင့်ကုန်ချော ထုတ်လုပ်မှုသည် အလွန်အားနည်းနေသေးကြောင်းထင်ရှားပါသည်။

သစ်အခြေခံစက်မှုလုပ်ငန်း မဖွံ့ဖြိုးမတိုးတက်သည့်အတွက် ပြည်တွင်းပြည်ပဝင်ငွေနည်းခြင်း၊ သယံဇာတအသုံးချရမှု များခြင်း၊ အလေအလွင့်များခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများခြင်း၊ အလုပ်အကိုင်အခွင့်အလန်းများနည်းခြင်း စသည့်ဆိုးကျိုးများဖြစ်စေခဲ့ပါသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရသည် နိုင်ငံအတွင်း သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ဖြစ်စေရန်အတွက် ၂၀၁၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှစ၍  သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါသည်။

တစ်ဖန် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ အချို့သစ်တောများတွင် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြန်ပါသည်။

အထက်ဖေါ်ပြပါအခြေအနေအရပ်ရပ်တွင် မြန်မာ့သစ်အခြေခံစက်မှုလုပ်ငန်း၏ လက်ရှိအနေအထား၊ အားသာချက်၊ အားနည်းချက်၊ အခွင့်အလန်း နှင့် အနှောက်အယှက် အတားအဆီးများ အစရှိသည့် ဆက်စပ်ပတ်သက်ရာ အကြောင်းခြင်းရာများကို   လေ့လာ သုံးသပ်ပြီး ၎င်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖေါ် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးအကြံပြု တင်ပြထားပါသည်။